• ၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းနှင့် စပ်လျဉ်း၍ အများပြည်သူသို့ အသိပေးတင်ပြခြင်း

    ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် စတင်ကျင်းပမည် ဖြစ်ပါသည်။
    ၂။ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်းကို အောက်ပါအချက်များနှင့် ကိုက်ညီသူ များ ပါဝင်ဖြေဆိုနိုင်မည်ဖြစ်သည် -
    (က) ၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့တွင် အသက် (၁၇) နှစ် ပြည့်ပြီးသူ
    (ခ) အခြေခံပညာနဝမတန်း (စနစ်ဟောင်း) တက်ရောက်ဖူးသူ
    ၃။ လက်ရှိကာလတွင် အခြေအနေအမျိုးမျိုးနှင့်ရင်ဆိုင်ကြုံတွေ့နေရသော ကျောင်းသား၊ ကျောင်းသူ များ အဆင်ပြေစေရေးအတွက် အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်းကို -
    (က) အင်တာနက်ရရှိသည့် နေရာဒေသများတွင် အွန်လိုင်း (Online) မှ ဖြေဆိုစေခြင်း
    (ခ) အင်တာနက်အခက်အခဲရှိသည့် နေရာဒေသများတွင် အင်တာနက်မလိုသောနည်းပညာ (Offline Assessment Application) အသုံးပြု၍ ဖြေဆိုစေခြင်း
    (ဂ) နယ်မြေစိုးမိုးမှုရရှိပြီး လုံခြုံရေးအာမခံချက်ရှိသော ဒေသများတွင် မြေပြင် (On-ground) ဖြေဆိုစေခြင်းများ ဆောင်ရွက်မည် ဖြစ်သည်။
    ၄။ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်းသည် ယခင် ဒသမတန်း (စနစ်ဟောင်း) သင်ရိုးညွှန်းတမ်းကို အခြေခံမည် ဖြစ်သော်လည်း အလွတ်ကျက်မှတ်မှုကိုအားပေးသည့် မေးခွန်းများ အစား ကျောင်းသားကျောင်းသူများ၏ ဘာသာရပ်ဆိုင်ရာ -
    (က) သိရှိနားလည်သဘောပေါက်မှု (Knowledge and Understanding)
    (ခ) ခွဲခြမ်းစိတ်ဖြာ သုံးသပ်၍ အသုံးချနိုင်မှု (Application and Analysis)
    (ဂ) လက်တွေ့ဘဝနှင့် ဆက်စပ်ပြီး ပြဿနာများကို တီထွင်ဖန်တီးဖြေရှင်းနိုင်မှု (Creative Problem-solving)
    တို့ကို စစ်ဆေးအကဲဖြတ်သွားမည် ဖြစ်သည်။
    ၅။ မေးခွန်းလွှာတစ်ခုစီအတွက် ဖြေဆိုချိန် (၂) နာရီ ခွင့်ပြုမည်ဖြစ်ပြီး နိုင်ငံတကာစစ်ဆေး အကဲဖြတ်မှုပုံစံများအတိုင်း စဉ်းစားတွေးခေါ်မှုကို အခြေပြုပြီး ခွဲခြမ်းစိတ်ဖြာ ဖြေဆိုရသည့် ဓမ္မဓိဋ္ဌာန် မေးခွန်းအမျိုးအစားများ (Objective Type Items) ပါဝင်မည် ဖြစ်သည်။
    ၆။ စစ်ဆေးအကဲဖြတ်မှုကို ၂၀၂၃ ခုနှစ်အတွင်း အောက်ပါအတိုင်း နှစ်ကြိမ် ကျင်းပမည် ဖြစ်သည် -
    (က) ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ
    (ခ) ၂၀၂၃ ခုနှစ်၊ သြဂုတ်လ
    (ပထမအကြိမ်တွင် ပါဝင်ဖြေဆိုရန် အခက်အခဲရှိသူများအနေဖြင့် ဒုတိယအကြိမ်တွင် ပါဝင်ဖြေဆိုနိုင်မည် ဖြစ်သည်။)
    ၇။ စစ်ဆေးအကဲဖြတ်မှုရလဒ်များထုတ်ပြန်ရာတွင် ဘာသာရပ်တစ်ခုတွင် ကျရှုံးရုံဖြင့် ဘာသာရပ် အားလုံး ပြန်လည်ဖြေဆိုစေသောစနစ်ကို ကျင့်သုံးမည်မဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူများ၏ စွမ်းရည်အပေါ် အခြေပြုသည့် ရလဒ်အဆင့်များ (Grading) ထုတ်ပြန်ပေးမည်ဖြစ်ပြီး မိမိတို့ ဆက်လက် သင်ယူမည့် အဆင်မြင့်ပညာ သို့မဟုတ် သက်မွေးပညာဆိုင်ရာ ပညာရေးအဖွဲ့အစည်းများ၏ ဝင်ခွင့် သတ်မှတ်ချက်များ အပေါ်မူတည်ပြီး ပြန်လည်ဖြေဆိုရန်လိုအပ်သော ဘာသာရပ်များကိုသာ ထပ်မံ ဖြေဆိုကြရမည် ဖြစ်သည်။
    ၈။ ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းနှင့် စပ်လျဉ်း၍ ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ၊ မိဘပြည်သူများ သိရှိထားရမည့် အချက် အလက်များကို အချိန်မီ ဆက်လက်ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။
    ၉။ တော်လှန်ရေးတွင် ပါဝင်နေသူများ၊ မသန်စွမ်းသူများ၊ စစ်ဘေးသင့် ပြည်သူများအတွက် သင့်လျော်မည့် ကြားကာလ သို့မဟုတ် တော်လှန်ရေးလွန်ကာလတွင် အထူးပညာသင်ကြားရေးနှင့် စစ်ဆေးအကဲဖြတ် အသိအမှတ်ပြုရေး အစီအစဉ်များကို သီးသန့် အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။
    ၁၀။ သို့ပါ၍ ကျောင်းသားကျောင်းသူများအနေဖြင့် ဒသမတန်း (စနစ်ဟောင်း) သင်ခန်းစာများ ကို ကြိုတင်လေ့လာထားကြပါရန် တိုက်တွန်းနှိုးဆော်ပါသည်။
    ပညာရေးဝန်ကြီးဌာန
    အမျိုးသားညီညွတ်ရေးအစိုးရ

Site announcements

There are no discussion topics yet in this forum