🙏 Welcome to the brand new BECA Site 🙏
We are very excited to announce that the BECA exam site has been successfully upgraded and enhanced with latest technologies for your education journey.
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
ကြေညာချက်အမှတ် (၅/၂၀၂၆)
၁၃၈၇ ခုနှစ်၊ တပေါင်းလဆုတ် ၂ ရက်နေ့
(၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက်)
၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) နှင့်စပ်လျဉ်း၍ ဖြေဆိုခွင့် လျှောက်ထားခြင်းနှင့် ဖြေဆိုခြင်းဆိုင်ရာ သတင်းအချက်အလက်များကို အများပြည်သူသို့ အသိပေးတင်ပြခြင်း
၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) ကို ၂၀၂၆ ခုနှစ်၊ မေလတွင် ကျင်းပမည်ဖြစ်ရာ “၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း)” အစီအစဉ်တွင် မိမိတို့ဖြေဆိုလိုသော ဘာသာတွဲအလိုက် ပါဝင်ဖြေဆိုခွင့်ကို ၂၀၂၆ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့မှစ၍ ဧပြီလ (၁၁) ရက်နေ့ အထိ လျှောက်ထားနိုင်ပါသည်။
၂။ ၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) တွင် အောက်ပါ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဖြေဆိုနိုင်သည်-
(က) ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် အသက် (၁၈) နှစ် ပြည့်မီသူ
(ခ) အခြေခံပညာ ဒွါဒသမတန်း (စနစ်သစ်) သင်ယူလေ့လာဖူးသူ
(ဂ) ဖြေဆိုခဲ့ပြီးသော အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) ဖြေဆိုမှုရလဒ်သည် အဆင့်မြင့်ပညာ သို့မဟုတ် သက်မွေးပညာဆိုင်ရာ ပညာရေးအဖွဲ့အစည်းများ၏ ဝင်ခွင့်သတ်မှတ်ချက်များနှင့် မပြည့်မီသော ဘာသာရပ်များ ရှိသောကြောင့် ပြန်လည်ဖြေဆိုလိုသူများ (မှတ်ချက် - မိမိဖြေဆိုလိုသော ဘာသာရပ်များ ကိုသာ ရွေးချယ်ဖြေဆိုနိုင်ပါသည်။)
(ဃ) အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) ဖြေဆိုစဉ် ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် မကိုက်ညီသောကြောင့် ဖြေဆိုမှုရလဒ် ပယ်ဖျက်ခံခဲ့ရသူများ
(အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းသည် အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုက ကျင်းပသော တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို ဝင်ရောက် ဖြေဆိုခဲ့ခြင်းမရှိသူများနှင့် ဝင်ရောက်ဖြေဆိုရန် (လုံးဝ) အစီအစဉ်မရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်သဖြင့် ပြည်သူနှင့်အတူ ရပ်တည်သည့် အဆိုပါကျောင်းသား၊ ကျောင်းသူများသာ လျှောက်ထားခွင့် ရှိပါသည်။ သို့သော် စစ်တမ်းကောက်ယူမှုရလဒ်များအရ နယ်မြေစိုးမိုးမှုရရှိသော လွတ်မြောက်နယ်မြေဒေသများရှိ ပညာရေးအဖွဲ့အစည်းများ၏ သတ်မှတ် ချက်နှင့် ကိုက်ညီသော ကျောင်းသား၊ ကျောင်းသူများရှိပါက သက်ဆိုင်ရာ ပညာရေးအဖွဲ့အစည်း များမှတစ်ဆင့် လျှောက်ထားနိုင်ပါသည်။)
၃။ ၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) တွင် ပါဝင်ဖြေဆိုခွင့်ကို အွန်လိုင်းဖြင့် လျှောက်လွှာပုံစံ ဖြည့်သွင်း၍ ကိုယ်တိုင်လျှောက်ထားနိုင်သည်။ မည်သည့် အခကြေးငွေမျှ ပေးဆောင်ရန် မလိုအပ်ပါ။
(လျှောက်လွှာပုံစံဖြည့်သွင်းနည်းများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန ၏ Website ၊ တရားဝင်လူမှုကွန်ရက် စာမျက်နှာများ၊ Channels များ၊ သတင်းမီဒီယာများ အပြင် ကြားကာလ အခြေခံပညာရေးအဖွဲ့အစည်းများထံသို့ အချိန်မီ စဉ်ဆက်မပြတ် ပေးပို့အသိပေး ကြေညာပေးသွားမည် ဖြစ်ပါသည်။)
၄။ ၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) ကို အင်တာနက်ပြတ်တောက်နေ၍ အခက်အခဲရှိသော နယ်မြေဒေသများတွင် ပညာရေးဘုတ်အဖွဲ့ များမှတစ်ဆင့် (မည်သည့်အခကြေးငွေမျှ ပေးဆောင်ရန် မလိုအပ်ဘဲ) လျှောက်ထားနိုင်သည်။
၅။ ၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) ကို နိုင်ငံတစ်ဝန်း တစ်ပြိုင်နက်ဖြေဆိုရသည့်စနစ်အစား စစ်ဆေးအကဲဖြတ်ကာလကို ၂၀၂၆ ခုနှစ်၊ မေလမှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ အထိ သတ်မှတ်ပေးထားပါသည်။
၆။ လက်ရှိကာလတွင် အခြေအနေအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရသော ကျောင်းသား၊ ကျောင်းသူ များ အဆင်ပြေစေရေးအတွက် ၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေး အကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) ကို
(က) အွန်လိုင်း (Online) ဖြေဆိုစေခြင်း
(ခ) အွန်လိုင်း (Online) အခက်အခဲရှိသည့် နယ်မြေစိုးမိုးမှုရရှိပြီး လုံခြုံရေးအာမခံချက် ရှိသော ဒေသများတွင် offline assessment application အသုံးပြု၍ ဖြေဆိုစေခြင်းများ ဆောင်ရွက်မည် ဖြစ်သည်။
(မှတ်ချက် - အွန်လိုင်း (Online) လျှောက်ထားသူများသည် အွန်လိုင်းတွင်သာ ဖြေဆိုရမည်ဖြစ်ပြီး အော့ဖ်လိုင်း (offline) ဖြေဆိုမည့်သူများက လျှောက်ထားသည့် အော့ဖ်လိုင်း ဖြင့်သာ ဖြေဆိုရမည် ဖြစ်ပါသည်။)
၇။ ၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) သည် အလွတ် ကျက်မှတ်မှုကို အားပေးသည့်မေးခွန်းများအစား ကျောင်းသားကျောင်းသူများ၏ ဘာသာရပ်ဆိုင်ရာ -
(က) သိရှိနားလည်သဘောပေါက်မှု (knowledge and understanding)
(ခ) အသုံးချနိုင်မှု၊ ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်မှု (application and analysis)
(ဂ) လက်တွေ့ဘဝနှင့် ဆက်စပ်ပြီး ပြဿနာများကို တီထွင်ဖန်တီးဖြေရှင်းနိုင်မှု (creative problem-solving) တို့ကို စစ်ဆေးအကဲဖြတ်သွားမည် ဖြစ်သည်။
၈။ မေးခွန်းလွှာတစ်ခုစီအတွက် ဖြေဆိုချိန် (၂) နာရီ ခွင့်ပြုမည်ဖြစ်ပြီး နိုင်ငံတကာစစ်ဆေး အကဲဖြတ်မှုပုံစံများအတိုင်း စဉ်းစားတွေးခေါ်မှုကို အခြေပြုပြီး ခွဲခြမ်းစိတ်ဖြာ ဖြေဆိုရသည့် ဓမ္မဓိဋ္ဌာန် မေးခွန်းအမျိုးအစားများ (objective type items) ပါဝင်မည်ဖြစ်သည်။
၉။ ဖြေဆိုနေစဉ် ရုတ်တရက် အင်တာနက် ပြတ်တောက်သွားခြင်း၊ လုံခြုံရေးအခက်အခဲ ဖြစ်ပေါ်ခြင်း စသည့် အရေးပေါ်အခြေအနေများကြောင့် ဖြေဆိုမှုရပ်တန့်လိုက်ရသော ဘာသာရပ်(များ)ကို နောက်တစ်ကြိမ် ဖြေဆိုခွင့်ရှိမည်ဖြစ်သည်။ နောက်တစ်ကြိမ် ဖြေဆိုချိန်တွင် အလားတူ အခြေ အနေမျိုး ထပ်မံဖြစ်ပွားပါကလည်း နောက်ထပ်တစ်ကြိမ် ဖြေဆိုခွင့်ရရှိအောင် ဆောင်ရွက်ပေး မည် ဖြစ်ပါသည်။
၁၀။ စစ်ဆေးအကဲဖြတ်မှုရလဒ်များကို ကျောင်းသား၊ ကျောင်းသူများ၏ စွမ်းရည်အပေါ် အခြေပြုသည့် ရလဒ်အဆင့်များ (Grading) ဖြင့် ထုတ်ပြန်ပေးမည် ဖြစ်ပါသည်။
၁၁။ မိမိတို့ ဆက်လက်သင်ယူမည့် အဆင်မြင့်ပညာ (သို့မဟုတ်) သက်မွေးပညာဆိုင်ရာ ပညာရေး အဖွဲ့အစည်းများ၏ ဝင်ခွင့်သတ်မှတ်ချက်များအပေါ်မူတည်၍ ပြည့်မီအောင် ပြန်လညဖြေဆိုရန် လိုအပ်သောဘာသာရပ်(များ)ကို နောက်တစ်ကြိမ် ထပ်မံကြိုးစားဖြေဆိုခွင့် ရရှိမည်ဖြစ်သည်။
၁၂။ သို့ဖြစ်ပါ၍ ၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) ကို ဖြေဆိုမည့်သူများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စနစ်သစ် (ဒွါဒသမတန်း) သင်ခန်းစာများကို ကောင်းစွာ လေ့လာထားကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
မကြာခဏ မေးလေ့ရှိသော မေးခွန်းများကို ဝင်ဖတ်နိုင်ပါသည်။
🙏 Welcome to the brand new BECA Site 🙏
We are very excited to announce that the BECA exam site has been successfully upgraded and enhanced with latest technologies for your education journey.